ပြောမယုံ ကြုံဖူးမှသိ ၂

နေထက် နောက်ဘေးတံခါးကို အသံမထွက်အောင် တိတ်ဆိတ်စွာ ပိတ်ရင်း လမ်းမီးရောင် သဲ့သဲ့လင်းနေသည့် လမ်းကြားထဲသို့ လစ်ထွက်လာခဲ့သည်။ အနောက်တိုင်းပုံစံ ဆောက်လုပ်ထားသည့် တစ်ထပ်တိုက် အိမ်လေးထဲတွင်တော့ အန်တီလေးနှင့် မီမီလွင်၏ စကားများသံများက ညံပွက် ကျန်နေလေသည်။ ထုံးစံအတိုင်း မီမီလွင် ကောင်လေးဖြစ်သူ ဇော်ဇော်နှင့် ပတ်သက်ပြီး သားအမိနှစ်ယောက် စကားများကြတာ ဖြစ်သည်။ ဇော်ဇော့်ကို အန်တီလေး မကြိုက်သလို နေထက်လဲ ကြည့်မရပါ။ ပြောမရလို့ သူ့အနေနှင့် မီမီလွင်ကို ဘာမှမပြောသော်လဲ အန်တီလေးကတော့ မီမီလွင်နှင့် ဇော်ဇော် ချိန်းတွေ့သည်ဟု ကြားတိုင်း အမြဲဆူပူနေကြ ဖြစ်သည်။

နေထက် ပထမတော့ ယမင်းတို့ အိမ်ဘက်သွားရင် ကောင်းမလားဟု တွေးလိုက်သော်လဲ အချိန်က အတော်လင့်နေပြီ။ ၀ါကျင့်ကျင့်လေး လင်းနေသည့် လမ်းမီးတိုင် တစ်တိုင်အောက်တွင် ခနရပ်ကာ စဉ်းစားပြီးနောက် သူ့ခြေထောက်တွေက သွားနေကြနေရာဖြစ်သည့် စမ်းချောင်းလေး ဘက်သို့ လျှောက်လာခဲ့သည်။ သူ စိတ်ထဲတွင် အလိုမကျဖြစ်တိုင်း ဒီနေရာလေးသို့ လာနေကြဖြစ်သည်။ အခုလဲ ဘာရယ်မဟုတ်ပဲ ထွက်လာခဲ့သည်။ အန်တီလေး၏ အိမ်က တောင်ကြီးမြို့  အစွန်တွင် ရှိသဖြင့် သူတို့အိမ်ကနေ ၁၅မိနစ်လောက် သွားလျှင် ယူကလစ်ပင် ထင်းရှူးပင်များ အစီအရီ ပေါက်ရောက်နေသည့် တောအုပ်ကြီး တစ်ခုရှိသည်။ နေထက် သွားနေကြ စမ်းချောင်းလေးသည် ထိုတောအုပ်၏ အစလို့ ဆိုလို့ရပေမည်။

အေးမြလှသည့် ညလေထဲတွင် အနွေးအိတ်ထဲ လက်ထိုးထည့်ကာ လျှောက်လာရင်း နေထက် ကောင်းကင်ကို မော့ကြည့်မိသည်။ ဘော်ငွေရောင် ငွေလ၀န်းသည် သူ့ကို တားဆီးထားသည့် တိမ်မျှင်တွေကြားက ထိုးထွက်လာသည်။ ထို့ကြောင့်ပဲလား မသိ။ လမ်းမီးတိုင်များ မရှိတော့သည့်တိုင် ဘေးဘီဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အပေါ်ကို မော့ကြည့်မိ၍ အနည်းငယ်ရွေ့သွားသည့် သူ့မျက်မှန်ကို နေသားတကျ ဖြစ်အောင် ပြန်လုပ်သည်။ ထို့နောက် လက်နှစ်ဖက်ကို အိတ်ထဲ ပြန်ထည့်ကာလျှောက်လာသည်။ သိပ်မကြာမီပင် နေထက် တောစပ်လေးသို့ ရောက်လာခဲ့သည်။

တောစပ်လေး၏ အစမှာပင် မိုးထိအောင် မြင့်သည်ဟု ထင်ရသည့် အပင်ကြီးတွေက ခပ်စိပ်စိပ် အစီအရီ ပေါက်နေကြသည်။ နေ့လည်အချိန်တွင်ပင် နေပျောက်မထိုးအောင် သိပ်သည်းလှသည့် နေရာမို့ အခုလို ညဘက်တွင်တော့ လရောင်က မဆိုစလောက်လေးသာ လင်းလျက်ရှိသည်။ နေထက်တစ်ယောက် သွားနေကြ ဖြစ်နေသည့်တိုင် ဟိုချုံဝင်တိုး ဒီချုံဝင်တိုးနှင့် စမ်းချောင်းလေးဘက်ရောက်အောင် မနည်းလျှောက်ခဲ့ရသည်။ တော်သေးသည်။ နားထဲတွင် ရေကျသံ တသွင်သွင်ကြားမှ သူ လမ်းမမှားဘူးဆိုတာ သိရသည်။

နေထက်သွားနေကြ နေရာက တောင်ကမူလေး တစ်ခုပေါ်ကနေ စမ်းချောင်းလေးကို အပေါ်က မြင်ရသော နေရာဖြစ်သည်။ သဘ၀က ဖန်တီးထားလို့လား မသိ။ အဆိုပါ ကမူလေးမှ တော်တော်ကျယ်ပြန့်သည့် ကျောက်ဖြာတစ်ချပ်က စမ်းချောင်းလေးပေါ်သို့ ငေါထွက်နေသည်။ အဝေးမှကြည့်မည်ဆိုရင် သတ္တ၀ါတစ်ကောင် လျှာကြီးထုတ်ထားသည်နှင့်ပင် တူပေသည်။ ထို့ကြောင့်ပင် နေထက်တို့ အပိုင်းမှာနေသည့် လူကြီးသူမများက ဒီနေရာကို မသွားကြရန် သားသမီးများကို မှာကြတာ ကြားဖူးသည်။ ပါးစပ်ရာဇ၀င်ထဲတွင် ကြောက်စရာ သတ္တ၀ါကြီးတစ်ကောင်သည် ကျိန်စာမိကာ တောင်ကုန်းလေးထဲ ပုန်းအောင်းနေသည်ဟု ပြောကြသည်။ နေထက်ကတော့ ဒါတွေကို ဂရုမစိုက်။ အတွေးထဲတွင်ပင် မထီတရီ ပြုံးကာ ဟိုအစဆွဲ ဒီအချွန်ဆွဲနှင့် သူ ကျောက်ဖြာပေါ် တက်လာခဲ့သည်။

“အူ .. ၀ူ ….. ၀ူ ….“

ကျောက်ဖြာပေါ် ခြေချထိုင်မိမည် မကြံသေး။ ခပ်လှမ်းလှမ်းကနေ ခွေးအူသံကို ကြားလိုက်ရသည်။ နေထက် စိတ်ထဲတမျိုးကြီး ဖြစ်ကာ ဘေးဘီဝန်းကျင်ကို ပြာပြာသလဲ ကြည့်မိသည်။ သူမှလွဲ၍ တခြား ဘာသတ္တ၀ါမှ မရှိ။ နေထက် သက်ပြင်းတစ်ချက်ချကာ အေးစက်နေသည့် ကျောက်သားပေါ်တွင် ဖင်ထိုင်ချကာ တသွင်သွင် စီးနေသည့် ရေတွေကို ငေးနေလိုက်သည်။ လူသူကင်းမဲ့နေသည့် ပတ်ဝန်းကျင်သည် ပြန်လည် တိတ်ဆိတ်ကာ သွားလေသည်။

“ဖျောက် “

ဒီတစ်ခါတော့ နေထက် နားနှင့် ဆတ်ဆတ် ကြားလိုက်ရတာ ဖြစ်သည်။ နေထက် ဖြတ်ခနဲ နောက်ကို လှည့်ကြည့်သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူကြက်သေသေမတတ် ဖြစ်သည်။ မိန်းမတစ်ယောက်သည် သူရှိနေသည့် ကျောက်ဖြာပေါ်ကို ရောက်ကာနေသည်။ မှောင်ကာမည်းနေသည့် ပတ်ဝန်းကျင်တွင် မျက်နှာကို နေထက် သေချာမမြင်သော်လည်း သူမ၏ ကိုယ်ဟန်က ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ပြည့်နေမှန်း သူသတိထားမိသည်။ နေထက် နေရာက မရွေ့နိုင်အောင် အံ့အားသင့်မိသည့် အချက်က အဆိုပါ မိန်းမသည် အ၀တ်အစားမဲ့နေခြင်းပင်။

ထိုအခိုက် ကိုယ်လုံးတီး မိန်းမသည် ကောင်းကင်ကို မော့ကာ ကြည့်သည်ကို တွေ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမကြည့်လိုက်သည့် အချိန်တွင် လပြည့်ဝန်းက တိမ်တိုက်တွေကြားထဲကနေ ထွက်ကာလာလေသည်။

“ဟင် … သွေးတွေပါလား …“

လရောင် ကြောင့် နေထက် အမျိုးသမီး ဖြစ်သူကို တော်တော်ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထို့ကြောင့်ပင် လုံးဝန်းနေသည့် သူမ၏ ရင်နှစ်မွှာပေါ်တွင် သွေးစက်တွေ ပေနေသည်ဆိုတာကို တွေ့သွား၏။ နေထက် နှုတ်က စကားသံထွက်သွားလို့ ထင်သည်။ အမျိုးသမီးငယ်သည် သူ့ကို ဖြတ်ခနဲ ကြည့်ပြီး ရှေ့ကိုတိုးလာသည်။ အမှောင်ထဲတွင်ပင် သူမ၏ မျက်ဝန်းသည် တိရစ္ဆာန်တစ်ကောင်၏ မျက်လုံးလို ၀င်းလက်နေသည်။ ဘာကြောင့်ရယ် မသိ … နေထက် မလှုပ်ရှားဝံ့။ သူ့အနား ရောက်လာသည့် အချိန်တွင်တော့ အမျိုးသမီးငယ်၏ ကိုယ်သည် ထူးဆန်းစွာ ဒယီးဒယိုင်ဖြစ်ပြီး ပြိုလဲကြသည်။ နေထက် ချက်ချင်း သူမကိုယ်ကို ပြေးထူမိသည်။

“မင်း … မင်း ဘယ်သူလဲ ..“

နေထက် စိတ်ကို အားတင်းကာ အမျိုးသမီးငယ်၏ ခေါင်းကို သူ့လက်မောင်းနှင့် ပွေ့မထားသည်။ သတိလစ်ကာ လဲသွားဟန် တူသည်။ မျက်လုံးတောင် မပွင့်ပဲ နေထက်၏ လက်ပေါ်တွင် ပျော့ခွေနေသည်။ နေထက် စေ့စေ့စပ်စပ် ကြည့်မိရာ သူမ၏ ပါးစပ်နှင့် လည်ပင်းတ၀ိုက်တွင် သွေးတွေပေကျံနေသည်ကို တွေ့ရသည်။ ထိုအခိုက် ကောင်မလေး၏ မျက်လုံးက ဖြတ်ခနဲ ပွင့်သည်။ ၀င်းခနဲ လက်သွားသည့် အကြည့်ကြောင့် နေထက် ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သည်။ တစုံတခု မေးမည်အပြုတွင် သူ့လက်ဖျံက စစ်ခနဲ ဖြစ်သွားသည်။

“အား ….“

နေထက် ကမန်းကတမ်း သူ့လက်ကို ခါထုတ်သည်။ မရည်ရွယ်ပဲ သူ့လက်မောင်းကို မှီထားသည့် ကောင်မလေးကို တွန်းထုတ်သလို ဖြစ်သည်။ ခုနက သတိမေ့နေသော ကောင်မလေးသည် မယုံနိုင်လောက်အောင်ပင် သူ့အနားက ဆုတ်သွားကာ သတ္တ၀ါတစ်ယောက်ထိုင်သလို ဆောင့်ကြောင့်ထိုင်နေ၏။

“မင်း … ဘာလုပ်တာလဲ … ဟင် … နင် … နန်းမိုခမ်း မှတ်လား…. နင် ဘာလိုဖြစ်ပြီး သွေးတွေနဲ့ ဖြစ်နေတာလဲ…“

လရောင်က အနည်းငယ် ပြန်လင်းလာ၍ နေထက် ဘယ်သူဆိုတာ သိသွားသည်။ သူတို့ကျောင်းက တစ်ယောက်။ နေထက်နှင့် မေဂျာမတူသော်လဲ နှစ်ချင်းတူသဖြင့် သူ နန်းမိုခမ်း၏ နာမည်ကို ကြားဖူးသည်။ သူမ၏ အလှသတင်းကြောင့်လဲ ပါပေမည်။

“ဟင် … နေထက် … ငါ .. ငါ .. .“
“အူ … ၀ူ .. ၀ူ ..“

နန်းမိုခမ်းကလဲ နေထက်ကို သိသည် ထင်သည်။ သူမ သူ့အမေးကို ဖြေမည်အပြုတွင် အစောပိုင်းက ကြားရသည် ခွေးအူသံက ခြောက်ခြားဖွယ် ပေါ်ထွက်လာပြန်သည်။ သွားရာအကွင်းလိုက်ကြီး ဖြစ်ကာ သွေးတွေစို့နေသည့် နေထက်လက်ကို စိုက်ကြည့်နေသော နန်းမိုခမ်း မျက်နှာပျက်သည်။

“နေထက် .. နင် ပြန်တော့ … နက်ဖြန် ကျောင်းရောက်ရင် ... နင့်ကို ငါလာရှာမယ် .. အဲဒီကျမှ ရှင်းပြမယ် .. ငါသွားတော့မယ် .. “
“နင် … ရလို့လား … နင့်ကိုယ်မှာ သွေးတွေနဲ့မှတ်လား …“
“အာ .. ရတယ် .. မေးမနေနဲ့ … နင် ပြန်တော့ နေထက် .. မြန်မြန် ပြန်တော့ … ငါလဲ သွားပြီ .. “
“ဟေ့ .. ဟေ့ .. နေဦး ..“

နန်းမိုခမ်းသည် စကားဆုံးသည်နှင့် လှစ်ခနဲ ပြေးကာ ပျောက်ကွယ်သွားသည်။ နေထက် ထကာ လိုက်သွားသည့် အချိန်တွင် သူမ၏ အရိပ်အယောင်တောင် မမြင်တော့။ သူပင် တွယ်ကာတက်လာရသည့် တောင်ကမူကို ခနလေးမှာ သူမဘယ်လို ဆင်းသွားမှန်းမသိ။ ခေါင်းထဲတွင် အတွေးတွေ ပလုံစီကာ နေထက် အိမ်ကိုပြန်လာခဲ့ရသည်။ အိမ်ထဲမ၀င်ခင် ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တော့ တိမ်ကင်းစင်သွားသည့် လ၀န်းက ထိန်ထိန်သာလျှက် ရှိနေလေသည်။

Comments

Popular posts from this blog

ပြောမယုံ ကြုံဖူးမှသိ ၁